Financial market ဆိုတာ financial securities နဲ့ derivatives တွေကို အရောင်းအဝယ်လုပ်တဲ့ စျေးကွက်ကြီးတခုပါ။ Securities ဆိုတာ လုံခြုံရေးကို ပြောတာမဟုတ်ဘူးနော်။ Securities ဆိုတာ အကြမ်းအားဖြင့် ပြောရရင် အရောင်းအဝယ်လုပ်လို့ရတဲ့ ဘဏ္ဍာရေးဆိုင်ရာ ပိုင်ဆိုင်မှုကို ခေါ်တာပါ။ Derivatives ဆိုတာကတော့ သဘောတူညီချက် သို့မဟုတ် ကုန်ပစ္စည်း၊ ထုတ်ကုန်၊ ရည်ညွန်းကိန်း (Index) စသဖြင့် ဖြစ်နိုင်ပါတယ်။ ဒီတော့ Financial Market ဆိုတာ ဘဏ္ဍာရေးဆိုင်ရာပိုင်ဆိုင်မှုတွေ၊ သဘောတူညီချက်တွေ၊ ကုန်ပစ္စည်းတွေ ရောင်းဝယ်လုပ်ရာ စျေးကွက်ကြီးလို့ ယေဘုယျ ခေါ်ဆိုနိုင်ပါတယ်။ Financial market အကြောင်းက ကျယ်ပြန့်လွန်းတော့ ဒီနေရာမှာ အားလုံးအတွက် ဗဟုသုတအလို့ငှာ အနှစ်ချုပ်မျှဝေတာဖြစ်ပါတယ်။ တကယ်တော့ Financial Market ဆိုတာက အရင်းအမြစ်တွေကို ခွဲဝေနေရာချထားခြင်း၊ ငွေဖြစ်လွယ်မှုဖန်တီးပေးခြင်း၊ စီးပွါးရေးလုပ်ငန်းများချောမွေ့စွာ လည်ပတ်နိုင်စေခြင်း စတာတို့အတွက် အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်တာဖြစ်ပါတယ်။ အဓိကအားဖြင့်တော့ ယင်း Financial Market ကိုပြောတဲ့အခါမှာ Capital Market နဲ့ Money Market တို့ကို အဓိကထား ရည်ညွန်းပြောဆိုကြပါတယ်။
Financial Market ကို ပြောကြတဲ့အခါမှာ သူ့မှာပါဝင်တဲ့ အမျိုးအစားများကို အောက်ပါအတိုင်း ခွဲခြားနိုင်ပါတယ်။ ဒီခွဲခြားမှုက တဦးနဲ့တဦးအနည်းငယ်ကွဲကောင်းကွဲနိုင်ပါတယ်။ ကျနော်က ၆ ခုခွဲထားပေမယ့် တချို့က Financial Markets ထဲမှာ Over-the-Counter Markets, Bond Market, Money Market, Derivatives Market နဲ့ Forex Market ဆိုပြီး ခွဲတာလည်း တွေ့ရနိုင်ပါတယ်။
ကျွန်တော်မိတ်ဆက်တင်ပြလိုတဲ့ ၆ မျိုးကတော့ ....
(1) Money Market
(2) Capital Market
(3) Derivatives Market
(4) Commodity Market
(5) Foreign Exchange Market (FX Market)
(6) Spot Market တို့ဖြစ်ပါတယ်။
(1) Money Market
ငွေကြေးစျေးကွက် (Money Market) က စီးပွါးရေးလုပ်ငန်းတွေအတွက် ရေတိုရန်ပုံငွေထောက်ပံပေးရာ၊ အရင်းအနှီးရှာဖွေရာ အစိတ်အပိုင်းတခုဖြစ်ပါတယ်။ ယေဘုယျအားဖြင့် တစ်နှစ် သို့မဟုတ် ထိုထက်နည်းတဲ့ ကာလတွေအတွက် ကာလတို ချေးငွေဆိုင်ရာလုပ်ငန်းများပါဝင်ပါတယ်။ တနည်းအားဖြင့် ကာလတိုအရင်းအနှီးရယူဖို့ သက်တမ်းတို (တနှစ်သို့မဟုတ် သူ့ထက်နည်းတဲ့ကာလမှာ သက်တမ်းစေ့မည်) ကုန်အရောင်းအဝယ်စာချုပ်တွေ၊ ချေးငွေစာချုပ်တွေ စတာတွေကို စျေးကွက်ထဲအရောင်းအဝယ်လုပ်ကြပါတယ်။ ဒီစျေးကွက်ထဲမှာ ပါဝင်အရောင်းအဝယ်လုပ်သူတွေထဲမှာတော့ ဘဏ်တွေ၊ ငွေကြေးဆိုင်ရာအဖွဲ့အစည်းတွေ စတဲ့ စီးပွါးရေးလုပ်ငန်းကြီးတွေပါဝင်ကြပါတယ်။ တဦးချင်းအရောင်းအဝယ်လုပ်သူ Individual Investor တွေလည်းပါဝင်ကြတယ်။
(2) Capital Market
Capital Market (အရင်းအနှီးစျေးကွက်) ကတော့ (တနှစ်ထက်ပိုသောသက်တမ်းရှိတဲ့) ရေရှည်ကြွေးမှီ သို့မဟုတ် ရှယ်ယာများ (သို့မဟုတ် ပိုင်ဆိုင်မှုများ) ကိုကျောထောက်နောက်ခံပြုထားသော (Equity-Backed) ဘဏ္ဍာရေးဆိုင်ရာ ပိုင်ဆိုင်မှုတွေကို ရောင်း၊ဝယ်တဲ့ စျေးကွက်တခုဖြစ်ပါတယ်။ ဒီစျေးကွက်ထဲမှာ ပါဝင်အရောင်းအဝယ်လုပ်သူတွေထဲမှာတော့ ဘဏ်တွေ၊ ငွေကြေးဆိုင်ရာအဖွဲ့အစည်းတွေ စတဲ့ စီးပွါးရေးလုပ်ငန်းကြီးတွေပါဝင်ကြသလို နိုင်ငံရပ်ခြားမှ ရင်းနှီးမြုပ်နှံသူများလည်းပါဝင်ကြတယ်။ တချို့နေရာမှာတော့ ဒီမားကတ်နဲ့ မားကတ်ထဲမှာပါတဲ့ (Equity-Backed) Bond တွေကို သီးသန့် Bond Market ဆိုပြီး ခွဲပြောတာလည်းရှိပါတယ်။
(3) Derivatives Market
Derivatives Market ကို ဆင့်ပွါးစျေးကွက်လို့ခေါ်ကြပါတယ်။ Financial Market ထဲက ဆင့်ပွါးစျေးကွက်တခုလည်းဖြစ်ပါတယ်။ Derivative ဆိုတာ အဓိပ္ပါယ်က ဆင်းသက်လာ/ဆင့်ပွါးလာတယ်လို့ ဆိုတဲ့အတွက် ဆင့်ပွါးစျေးကွက်လို့ ခေါ်ကြတာလည်း ဖြစ်နိုင်ပါတယ်။ တနည်းအားဖြင့် Derivative Market မှာ အရောင်းအဝယ်လုပ်ကြတဲ့အရာများဟာ အခြားရင်းမြစ်တခုပေါ်မှာ အခြေခံနေတာပါ။ ဥပမာ Futures Contracts တွေက အခြားသော ပိုင်ဆိုင်မှုတွေကနေလာ (အခြားပိုင်ဆိုင်မှုတခုကိုနောက်ခံထားပြီး Futures Contracts အဖြစ်အရောင်းအဝယ်လုပ်တာမျိုးဖြစ်)တာဖြစ်ပါတယ်။ Stocks, bonds, commodities, currencies, interest rates and market indexes စတာတွေကိုအရောင်းအဝယ်လုပ်ကြတာမျိုးပါ။
Derivatives Market မှာမှ exchange-traded derivatives နဲ့ over-the-counter derivatives ဆိုပြီး နှစ်ခုကွဲပါသေးတယ်။ Exchange traded derivatives (ETD) ကတော့ ဗဟိုအိတ်ချိန်း (အရောင်းအဝယ်စင်တာ) ကနေတဆင့် စျေးနှုန်းများကို အများမြင်သာတဲ့စျေးနှုန်းတွေနဲ့ အရောင်းအဝယ်လုပ်တာမျိုးဖြစ်ပြီး၊ over-the-counter derivatives ကတော့ စတော့တွေအဖြစ်အဓိက ရည်ညွန်းကြပြီး ဗဟိုအိတ်ချိန်း (ဗဟိုအရောင်းအဝယ်စင်တာ) မရှိဘဲ Dealer Network/Broker Network ကနေတဆင့် Electronically အရောင်းအဝယ်လုပ်ကြတာမျိုးဖြစ်ပါတယ်။
(4) Commodity Market
Commodity Market (ကုန်စည်စျေးကွက်) ဆိုတာက အရောင်းအဝယ်လုပ်တဲ့ Physical သို့မဟုတ် Virtual Marketplace တခုဖြစ်ပါတယ်။ Physical ဆိုတာကတော့ ထိကိုင်ပြီး ဝယ်လို့ရောင်းလို့ရတဲ့နေရာ၊ Virtual ဆိုတာက အမြင်နဲ့ရောင်းတယ်တာလို့ ပြောလို့ရပါတယ်။ ဥပမာ. အွန်လိုင်းပေါ်ကနေ အရောင်းအဝယ်လုပ်တာကို Virtual လို့ခေါ်ပါတယ်။ ဒီနေရာမှာပြောတဲ့ Virtual က သာမန်အွန်လိုင်းစျေးရောင်းတာတော့ မဟုတ်ဘူး။ အွန်လိုင်းစျေးရောင်းတာက ရောင်းတဲ့သူက သက်သက်တဖက်တည်းရှိပြီး ဝယ်သူက သက်သက်ရှိတာမျိုးဖြစ်ပါတယ်။ ကျနော်ပြောတဲ့ Virtual Marketplace ကတော့ Buying ရော Selling ရော လုပ်လို့ရတဲ့ Platform တွေကိုပြောတာပါ။ ဥပမာ Metatrader4 လို၊ Web Trader လို Platform ကိုပြောတာပါ။ Commodity Market မှာ ဘာတွေဝယ်ရောင်းလုပ်လို့ရလည်းဆိုတော့ raw or primary products (ကုန်ကြမ်းအတိုင်း တနည်းအားဖြင့် ပြောင်းလဲပြုပြင်မှုများစွာမလုပ်ထားတဲ့ ပစ္စည်း) တွေကို ဝယ်ရောင်းလုပ်ကြတယ်။ Commodities ထဲမှာ Hard Commodities နဲ့ Soft Commodities ဆိုပြီးရှိတယ်။ ရွှေ၊ ရော်ဘာ၊ ရေနံစတာတွေက Hard Commodities ဖြစ်ပြီး၊ လယ်ယာထွက်ကုန်၊ မွေးမြူရေးထွက်ကုန်တွေကိုတော့ Soft Commodities လို့ခေါ်ပါတယ်။
(5) Foreign Exchange Market
Forex, FX, နဲ့ Currency market လိုခေါ်တဲ့ Foreign Exchange Market ကတော့ ဗဟိုချုပ်ကိုင်မှုမရှိတဲ့ တကမ္ဘာလုံးဆိုင်ရာ အွန်လိုင်းစျေးကွက်ကြီးတခုဖြစ်ပါတယ်။ အရောင်းအဝယ်လုပ်သူ Traders တွေက ငွေကြေးတွေကို ဝယ်ခြင်း၊ ရောင်းခြင်း တပြိုင်တည်းဆောင်ရွက်နိုင်တဲ့ မားကတ်တခုလည်းဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ အတွင်ကျယ်ဆုံးမားကတ်လို့လည်း ပြောလို့ရပါတယ်။ တပတ်မှာ ၅ရက်၊ တရက်မှာ ၂၄နာရီလည်ပတ်နေတဲ့ ဒီမားကတ်ကြီးမှာ ကမ္ဘာအရပ်ရပ်က ဗဟိုဘဏ်တွေ၊ ကူးသန်းရောင်းဝယ်ရေးဘဏ်တွေ၊ နိုင်ငံတကာကုမ္ပဏီကြီးတွေ၊ လက်လီအရောင်းအဝယ်လုပ်သူတွေ စသဖြင့် ဝင်ရောက်ရောင်းဝယ်ကြတဲ့စျေးကွက်ကြီးလည်းဖြစ်ပါတယ်။
ဒီမားကတ်ကြီးမှာ အဓိကအလွှာ ၂ခုက အရောင်းအဝယ်လုပ်ကြတယ်။ Two Tiers လို့ခေါ်တာပေါ့။ 1st Tiers က Interbank Market လို့ခေါ်တဲ့ ဘဏ်အချင်းချင်း ငွေကြေးလဲလှယ် လုပ်ကြတာဖြစ်တယ်။ ဘဏ်အချင်းချင်းဆိုတော့ အရေအတွက်နည်းပေမယ့် Trade/Exchange လုပ်တဲ့ ပမာဏက များပြားပါတယ်။ ဒီတော့ ဒီအရောင်းအဝယ်က ငွေကြေးတန်ဖိုးကို အပြောင်းအလဲ၊ အတက်ကျ ကောင်းကောင်းဖြစ်စေတာပေါ့။ 2nd Tier ကတော့ Over the Counter Market လို့ခေါ်တယ်။ Retail Market လို့လည်းခေါ်တယ်။ သူ့မှာတော့ 1st Tier မှာပါတဲ့ ဘဏ်တွေကလွဲပြီး တခြားသော ကုမ္ပဏီတွေ၊ Individual Trader တွေက ဝင်ရောက်အရောင်းအဝယ်လုပ်တယ်။ 1st Tier ထက်တော့ Trader များတယ်။
Foreign Exchange Market က အားသာချက်တွေများစွာရှိတဲ့အထဲက တပတ်၅ရက်၊ တရက်၂၄နာရီအတွင်းမှာ မိမိနှစ်သက်တဲ့အချိန်မှာ ဝင်ရောက်အရောင်းအဝယ်လုပ်နိုင်ခြင်း၊ လိုအပ်တဲ့ အသိပညာ၊ အတတ်ပညာများ ရရှိဖို့လွယ်ကူခြင်း၊ ငွေရင်းနှီးအနည်းငယ်နဲ့ စတင်နိုင်ခြင်း၊ ငွေဖြစ်လွယ် (High Liquidity) မှုရှိခြင်း၊ စျေးအတက်အကျ နှစ်မျိုးစလုံးတွင် ဝင်ရောက်အရောင်းအဝယ်လုပ်နိုင်ခြင်း၊ Leverage ရရှိနိုင်ခြင်း၊ ကုန်ကျစရိတ်သက်သာခြင်း, Trading Instrument များစုံလင်ခြင်း စတာတွေလည်းပါဝင်ပါတယ်။
(6) Spot Market
Spot Market ကို ရော့ ပတ္တမြား၊ ရော့ နဂါးစျေးကွက်လို့ ခေါ်ချင်ပါတယ်။ နေရာတခု၊ ဒေသတခုမှာ မျက်မြင်ရောင်းဝယ်တဲ့ စျေးကွက်ပေါ့။ တနည်းအားဖြင့် လက်ငင်း (Cash market) လို့လည်းခေါ်နိုင်ပါတယ်။ Commodities တွေ၊ Securities တွေနဲ့ Currencies တွေကို လက်ငင်းငွေပေး၊ လက်ငင်းပစ္စည်းယူပုံစံနဲ့ ရောင်းဝယ်တာမျိုးပါ။ ဥပမာ... ဘဏ်တခုမှာ နိုင်ငံခြားငွေသွားဝယ်တာတို့၊ ရွှေဆိုင်မှာ ရွှေသွားလုပ်တာမျိုးမှာ အဲဒီဘဏ်တွေ ရွှေဆိုင်တွေက Spot Market တွေပါပဲ။ Spot Market ကိုပြောလို့ သူ့ရဲ့ ဆန့်ကျင်ဘက် မားကတ်တခုလို ဖြစ်နေတဲ့ မားကတ်တခုက Future Market ပါ။ Spot က လက်ငင်းဆိုရင် Future အနာဂတ်အတွက် အလားအလာကိုသုံးသပ်ပြီး ကြိုတင်ဝယ်ရောင်းထားတဲ့ မားကတ်တခုပါ။ တနည်းအားဖြင့် အနာဂတ်အချိန်တခု (တလ၊တနှစ်၊ ၂နှစ်စသဖြင့်) မှာ သက်တမ်းစေ့မယ့် ငွေပြန်ပေါ်မယ့် Future Contracts တွေကို အရောင်းအဝယ်လုပ်တဲ့ စျေးကွက်ကြီးပေါ့။
ဥပမာ..
- စပါးစိုက်မယ့် မောင်ဖြူက စပါးစိုက်ဖို့အတွက် လိုအပ်တဲ့ သွင်းအားစုတွေအတွက် ငွေလိုတယ်။ ဒီတော့ သူက စပါးမပေါ်မှီမှာ ပွဲစား မောင်မဲကို ... မောင်မဲရေ ငါစပါးကြိုရောင်းချင်တယ်။ တင်းတရာကို ၄သိန်းခွဲစျေးပေါ့။ အဲလိုသဘောတူညီချက်လည်းရရော မောင်ဖြူနဲ့မောင်မဲဟာ သဘောတူစာချုပ်ချုပ်ကြတာပေါ့။ စာချုပ်မှာပါနိုင်တာတွေထဲမှာ အချုပ်အားဖြင့်တော့ "ဘယ်နေ့ဘယ်ရက်မှာ မောင်ဖြူကနေပြီး ယခုစာချုပ်လက်ဝယ်ရှိသူကို စပါးတင်းတရာပေးရမယ်" ကဲ့သို့ အချက်ကတော့ မပါမဖြစ်ပါမယ်။ ဒီနေရာမှာ မောင်ဖြူက စပါးကြိုရောင်းတာက ပျင်းလို့မဟုတ်ဘဲ ငွေလိုလို့ရောင်းတာဖြစ်သလို၊ ကြိုဝယ်တဲ့ ပွဲစား မောင်မဲကလည်း ဆန်ကြိတ်စား စပါးကြိုဝယ်တာမဟုတ်ဘူး။ အမြတ်အစွန်းလိုချင်လို့ ဝယ်တာလို့ နားလည်းရမယ်။ တနည်းအားဖြင့် စပါးပေါ်ချိန် (စာချုပ်သက်တမ်းစေ့ချိန်) မှာ ရင်းထားတဲ့ ၄သိန်းခွဲထက် ပိုရမယ်ဆိုပြီး အမြတ်အစွန်းကို လိုချင်လို့ ငွေကြိုရင်းပြီး ဝယ်တာဖြစ်တယ်။
- စာချုပ်သက်တမ်းစေ့ပြီးဆိုပါစို့၊ အဲအချိန်မှာ မောင်ဖြူက မောင်မဲကို မဖြစ်မနေ စပါးတင်းတရာလက်ဝယ်ပေးအပ်ရတော့မယ်။ အထွက်ကောင်းလို့ ပိုထွက်သည်ဖြစ်စေ၊ အထွက်နည်းလို့ တင်းတရာမပြည့်သည်ဖြစ်စေ တင်းတရာပြည့်အောင် မဖြစ်မနေ ပေးကို ပေးရမှာက မောင်ဖြူရဲ့ တာဝန်။ ဒီတာဝန်ကို စာချုပ်မှာ ထည့်ချုပ်ထားပြီးသားဖြစ်တယ်။ တခြားတဖက်က စပါးလက်ခံတဲ့ စာချုပ်ကိုင်ထားတဲ့ ပွဲစားမောင်မဲဘက်ကလည်း သူစပါးလက်ခံတဲ့အချိန်မှာ စပါးစျေးကျနေလို့ ၄သိန်းပဲရရ၊ စပါးစျေးတက်နေလို့ ၆သိန်းပဲရရ အဲဒါတွေက မောင်ဖြူနဲ့ မဆိုင်တော့ဘဲ ပွဲစားမောင်မဲသာလျှင် စံစရာရှိရင် စံ၊ ခံစရာရှိတာ ခံရမှာဖြစ်ပါတယ်။ ဒါက Future Market ရဲ့ သဘောပါ။ ဒီ Future Market မှာ ဝယ်ရောင်းလုပ်ကြသူများကလည်း တွက်ချက်သုံးသပ်ပြီးမှ ဝယ်ရောင်းကြတာဖြစ်သလို၊ ဒီလို ဝယ်ထား၊ချုပ်ထားတဲ့ စာချုပ်/သဘောတူညီချက် တွေကို ထုတ်ရောင်းကြတဲ့ စျေးကွက်ကို Future Market လို့ခေါ်တယ်။ စာချုပ်လက်ဝယ်ကိုင်ထားသူသာ စာချုပ်သက်တမ်းစေ့ချိန်မှာ ဖြစ်လာမယ့် ခံရ၊ စံရမယ့် အရာတွေက ခံစားရ၊ စံစားရမှာဖြစ်ပါတယ်။
Financial Market ဟာ ကျယ်ပြန့်တဲ့သဘောရှိပါတယ်။ ကျယ်ပြန့်သော်ငြားလည်း အထက်မှာ ကျွန်တော်မိတ်ဆက်တင်ပြခဲ့သလို ကဏ္ဍခွဲတွေလည်းရှိတော့ သန်ရာ၊ ကျွမ်းကျင်ရာ ကဏ္ဍအလိုက်ဦးစားပေး လေ့လာ ရောင်းဝယ်လို့ရတာကတော့ သူ့ရဲ့ အားသာချက်တခုလည်းဖြစ်ပါတယ်။ အထူးသဖြင့် Financial Market ထဲမှာ Forex Market (Foreign Exchange Market) ကတော့ Financial Market ရဲ့ ကဏ္ဍအများစုကို ခြုံငုံဆက်စပ်မိတာဖြစ်တဲ့ အရောင်းအဝယ်လုပ်လို့ အဆင်ပြေ ကောင်းမွန် အာရုံထားစရာ ကောင်းတဲ့ စျေးကွက်တခုဖြစ်ပါတယ်။ FX Market မှာဖြစ်နေတဲ့ Trading Instrument တွေရဲ့ စျေးအတက်ကျဟာ အခြားသော မားကတ်တွေနဲ့ ဆက်စပ်ပြီး ဖြစ်ပေါ်နေတာလည်းဖြစ်တဲ့အတွက် ကြောင့်လည်းပါပါတယ်။ သူ့မှာ အဓိကဖြစ်တဲ့ Currency တွေကို အရောင်းအဝယ်လုပ်လို့ရမယ်၊ အခြားသော မားကတ်ထဲမှာ အကျုံးဝင်တဲ့ Stock Index တွေကို အရောင်းအဝယ်လုပ်လို့ရမယ်၊Commodities တွေကိုလည်း အရောင်းအဝယ်လုပ်နိုင်မှာဖြစ်ပါတယ်။
အချုပ်အားဖြင့်တော့ ကျယ်ပြန့်လှတဲ့ Financial Market အကြောင်းကို အထက်ပါ မိတ်ဆက်တင်ပြခဲ့သည်များကို လေ့လာဖတ်ရှုပြီး ဗဟုသုတရမည်ဟု ယုံကြည်ကြောင်း ရေးသားမျှဝေလိုက်ရပါတယ်။
ကေအယ်လ် (Academic Team)
Mingalar FX Myanmar (MFX Myanmar)
Trading Knowledge Sharing School
Post အားလုံးဖတ်ရန်
ဒီ Blog မှာ တင်သမျှ Post အားလုံး စုစည်းမှု
No comments:
Post a Comment