Wednesday, March 22, 2023

Forex Trading သမိုင်း (၂) The Free-Floating System


အရင်ရက်တွေက Forex သမိုင်းကြောင်းနဲ့ဆိုင်တဲ့ ပို့စ်ကို ရေးသားခဲ့ပြီး ယင်းထဲက အဓိကဖြစ်စဥ်အချို့ကိုပါ ရေးသားခဲ့ပါတယ်။ ဒီနေ့မှာတော့ ကျန်တဲ့ Free Floating System လို့ခေါ်တဲ့ ငွေလဲနှုန်းအရှင်ထားစနစ်ဖြစ်ပေါ်လာပုံကို ဆက်လက်ရေးသားမျှဝေပါ့မယ်။ 
၁၉၇၁ ခုနှစ်မှာ အမေရိကန်သမ္မတရစ်ချက်အမ်နစ်ရှင်က Bretton Woods System ကို ရပ်ဆိုင်းလိုက်ခြင်းက Free Floating System ရဲ့ အစပြုခြင်းလို့ ဆိုရမှာပါ။ 

The Beginning of the Free-Floating System (1971~1973)
Bretton Wood Accord ရပ်ဆိုင်းသွားပြီးနောက် ၁၉၇၁ ခုနှစ် ဒီဇင်ဘာမှာ Smithsonian Agreement ဆိုပြီး သဘောတူညီချက်တခုထပ်ရှိလာခဲ့သေးပါတယ်။ သူက Bretton Woods လို သဘောတရားအတူတူပေမယ့် အသစ်သဘောတူလိုက်တဲ့ Smithsonian မှာတော့ Fluctuation (ငွေကြေးတွေရဲ့ အတက်အကျကို pegged/fixed မလုပ်ဘဲ စျေးကွက်လိုအပ်ချက်အရ အတက်အကျဖြစ်မှုကို ဆိုလို) ကို ပိုမိုမြှင့်တင်စေမယ့် အခွင့်အလမ်းတွေပါနေတယ်လို့ဆိုတယ်။ 
အဲအချိန်မှာ ရွှေ ၁ထရိုင်အောင်စကို အမေရိကန်ဒေါ်လာ ၃၈ ဒေါ်လာနဲ့ pegged/fixed လုပ်လိုက်တယ်။ ဒီလိုလုပ်လိုက်တော့ ဒေါ်လာတန်ဖိုးကလည်း အထိုက်အလျောက်ထိန်းပြီးဖြစ်လို့ ကျဆင်းသွားမှုလည်းရှိခဲ့ပါတယ်။ ဒီ Smithsonian Agreement အောက်မှာ အခြားသော Major Currencies များဟာလည်း ဒေါ်လာနှင့်ယှဥ်ပြီး 2.25% စျေးအတက်ကျကစားလို့ရသွားပါတယ်။ 
၁၉၇၂ မှာ ဥရောပအသိုင်းအဝိုင်း (ယူရိုဇုန်) က အမေရိကန်ဒေါ်လာကို အမှီပြုနေရတာကနေ ဖယ်ခွါဖို့ကြိုးစားခဲ့ကြပါတယ်။ Smithsonian Agreement က အရှေ့မှာ ရေးခဲ့တဲ့ Bretton Woods လိုပဲ အများကြီးမပြောင်းလဲဘဲ USD က ရွှေနဲ့ Pegged လုပ်ထားပြီး၊ အခြားသော ငွေကြေးတွေက ရွှေနဲ့ Pegged လုပ်ထားတဲ့ USD နဲ့ ပြန်ပြိး ချိတ်ဆက် Pegged လုပ်ထားဖြစ်တာကြောင့်ပါ။ ဒီလိုနဲ့ ဥရောပနိုင်ငံတွေဖြစ်တဲ့အနောက်ဂျာမနီ (အဲအချိန်က အရှေ့နဲ့အ‌နောက်ဂျာမနီမပေါင်းစည်းရသေးပါဘူး)၊ ပြင်သစ်၊ အီတလီ၊ နယ်သာလန်၊ ဘယ်လ်ဂျီယမ်နဲ့ လူဇင်ဘတ်နိုင်ငံတွေက Smithsonian နဲ့အပြိုင် European Joint Float စနစ်ကို ဖန်တီးလိုက်ကြတယ်။ 
ဒါပေမယ့် ဒီ Smithsonian Agreement ရော၊ European Joint Float စနစ်ကပါ အမှားတွေများပြီး ၁၉၇၃ ခုနှစ်မှာ ပြိုကွဲသွားရပြန်ပါတယ်။ ဒီစနစ် ၂ခုကျဆုံးခြင်း၊ မအောင်မြင်ခြင်းရဲ့ ရလဒ်အနေနဲ့ Free Floating System ကို အသုံးပြုဖို့ ဖြစ်လာရပါတော့တယ်။ 

The Plaza Accord 
၁၉၈၀ အစာပိုင်းကာလများမှာ အမေရိကန်ဒေါ်လာဟာ အခြားသောငွေကြေးတွေနဲ့ ယှဥ်ရင် ပိုပြီး တန်ဖိုးရှိခဲ့ပါတယ်။ ဒီအချက်က ပို့ကုန်တင်ပို့သူ Exporters တွေအတွက် အခက်အခဲတွေဖြစ်ခဲ့ပြီး၊ US Current Account ကလည်း GDP ရဲ့ 3.5% ခန့် deficit ဖြစ်ခဲ့ရပါတယ်။ (အကျဥ်းဖွင့်ဆိုချက်။ ။ Deficit - ရငွေထက် သုံးငွေများ၊ surplus - သုံးငွေထက် ရငွေများ။) 
ဒီလိုအခြေအနေမှာ ဖြစ်ပေါ်နေတဲ့ Stagflation (Stagflation- မြင့်မားသော အလုပ်လက်မဲ့နှုန်း၊ ဝယ်လိုအားကျဆင်းမှု စတာတွေနဲ့ဆက်စပ်ဖြစ်တဲ့ ငွေကြေးဖောင်းပွမှု) ကို ကျော်လွှားနိုင်ဖို့ အဲအချိုန်က အမေရိကန် Federal Reserve ရဲ့ ဥက္ကဌဖြစ်တဲ့ Paul Volcker (သမ္မတဂျင်မီကာတာနှင့် ရော်နယ်ရေဂင် သမ္မတနှစ်ဆက်တိုင် FED ဥက္ကဌလုပ်ခဲ့သူ) က USD တန်ဖိုးမြှင့်တက်ရန်နှင့် ငွေဖောင်းပွမှုကျဆင်းရန်အတွက် ဗဟိုဘဏ်အတိုးနှုန်းကို ၁၉၇၉ မှာ ပျမ်းမျှ ၁၁.၂% ရှိနေရာကနေ အမြင့်ဆုံးအခြေအနေဖြစ်တဲ့ ၂၀% ကို ၁၉၈၁ ခုနှစ် ဇွန်လမှာ မြင့်တင်လိုက်ပါတယ်။ FED သမိုင်းတလျောက်မှာ Fed Fund Rate အမြင့်ဆုံးက ဒီပုဂ္ဂိုလ်ကြီးလက်ထက်မှာဖြစ်ပါတယ်။ ဒီလို Interest Rate မြင့်တင်လိုက်တော့ သူ့နဲ့တွဲရက်ဖြစ်တဲ့ Prime Rate ကလည်း ကျွဲကူးရေပါဆိုသလို လိုက်ပါမြှင့်တက်သွားရပါတယ်။ ဒီလိုမြှင့်တင်ခဲ့မှုက ၁၉၈၀ ~ ၁၉၈၂ Recession ကို ဦးတည်ခဲ့တယ်လို့လည်း ရေးကြပါတယ်။ 
(FED Fund Rate သို့မဟုတ် Interest Rate ဆိုတာက ကူးသန်းရောင်းဝယ်ရေးဘဏ်အချင်းချင်းကြားသုံးတဲ့ Overnight Lending Rate (ညအိပ်အတိုးနှုန်း) ချေးငွေအတိုးနှုန်းသဘောဖြစ်ပြီး၊ Prime Rate ကတော့ ကူးသန်းရောင်းဝယ်ရေးဘဏ်တွေက သူတို့ရဲ့ ကော်ပိုရိတ်ကာစတာမာ (Creditworthy customers or ချေးငွေအများဆုံးယူထား‌သောကာစတာမာ) တွေဆီ ယူတဲ့ အတိုးနှုန်းဖြစ်ပါတယ်။ ယေဘုယျအားဖြင့် Prime Rate သည် Fed Fund Rate ထက် ၃% ခန့်ပိုပါတယ်။ ) 
အထက်အဖြစ်အပျက်ပါ အမေရိကန်ဒေါ်လာရဲ့ မတည်ငြိမ်တဲ့အခြေအနေက တတိယနိုင်ငံများ (ဖွံဖြိုးဆဲနိုင်ငံများ) ကို ကြွေးမှီဝန်ပိစေခြင်းနှင့်အတူ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများကို မယှဥ်ပြိုင်နိုင်ခြင်းကြောင့် အမေရိကန်စက်ရုံများပိတ်သိမ်းရခြင်းစတဲ့ အကျိုးဆက်တွေ တသီးတတန်းဖြစ်လာခဲ့ပါတယ်။
၁၉၈၅ ခုနှစ်မှာ G-5 နိုင်ငံများဖြစ်တဲ့ အမေရိကန်၊ ပြင်သစ်၊ အနောက်ဂျာမနီ၊ ဗြိတိန်၊ နဲ့ဂျပန်တို့ဟာ နယူးယောက်မြို့ ပလာဇာဟိုတယ်မှာ ကျင်းပတဲ့လှို့ဝှက်အစည်းအဝေးကို ကိုယ်စားလှယ်တွေ စေလွှတ်တက်ရောက်စေပါတယ်။ အဲဒီအစည်းအဝေးသတင်းဟာ ပေါက်ကြားမှုဖြစ်ပြီး USD မဟုတ်တဲ့အခြားသော ငွေကြေးတွေရဲ့ တန်ဖိုးတက်မှုကို အားပေးသော ကြေငြာချက်ထုတ်ရန် ဖိအားပေးခံခဲ့ရပါတယ်။ ဒီလိုဖိအားပေးခံရတဲ့အတွက် ထုတ်ပြန်တဲ့ ကြေငြာချက်ကို ပလာဇာသဘောတူညီချက် သို့မဟုတ် The Plaza Accord လို့ လူသိများလာပါတယ်။ ဒီကြေငြာချက်ကြောင့် USD တန်ဖိုးက ဆိုးရွားစွာကျဆင်းခဲ့တယ်လို့ဆိုပါတယ်။ 
ငွေကြေးအရောင်းအဝယ်ပုံစံသစ်မှာ အရောင်းအဝယ်လုပ်သူတွေအတွက် အမြတ်အစွန်းရရှိရန်အလားလာများရှိကြောင်းသိရှိရန် အချိန်များစွာမကြာမြှင့်ခဲ့ပါဘူး။ စျေးကွက်အပြောင်းအလဲ၊ စျေးကွက်အတက်အကျပြင်းထန်နိုင်၊ ပြင်းထန်ခဲ့ပေမယ့် ဒီလိုအခြေအနေတိုင်းမှာ အမြတ်အစွန်းတွဲရက် ရှိနေတာပါ။ ဒီအချက်က Bretton Woods စနစ်ပြိုလဲပြီး ဆယ်စုနှစ်အကြာလောက်မှာ ရှင်းလင်းထင်ရှားလာခဲ့ပါတော့တယ်။ 

(ကျန်ရှိတဲ့ အပိုင်းကို ဆက်လက်တင်ပြပေးပါမယ်။ Page ကို Follow လုပ်ထားပြီး ဖတ်ရှုနိုင်ပါတယ်ခင်ဗျာ) 

ကေအယ်လ် (Academic Team)
Mingalar FX Myanmar (MFX Myanmar)
Trading Knowledge Sharing School

Post အားလုံးဖတ်ရန်

No comments:

Post a Comment