Forex Trading သမိုင်း
Forex Trading ဆိုတာ ငွေကြေးလဲလှယ် (ရောင်းဝယ်) တဲ့ စျေးကွက်ဖြစ်ပြီး၊ ရာစုနှစ်ချီပြီး ကြာမြှင့်ခဲ့ပြီးလို့ ဆိုနိုင်ပါတယ်။ ရာစုနှစ်ချီကြာတယ်ဆိုတာက Forex ဆိုပြီး နာမည်မတပ်ခင်ကတည်းက ဖြစ်ပေါ်ခဲ့တဲ့ လဲလှယ်ခဲ့တဲ့အခြေအနေကို ရည်ညွန်းပါတယ်။ တနည်းအားဖြင့် Forex ဆိုပြီးဖြစ်လာဖို့ ခြေလှမ်းအစကတည်းကအခြေအနေကို ဆိုလိုတာဖြစ်ပါတယ်။ ယနေ့ Forex Market ကြီးက ကမ္ဘာပေါ်မှာ အကြီးဆုံး၊ ငွေဖြစ်အလွယ်ဆုံး နဲ့ မားကတ်ထဲမှာပါဝင်လွယ်မှုအရှိဆုံး မားကတ်ကြီးတခုလည်းဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်စာရင်းတွေအရ Forex Market မှာလည်ပတ်နေတဲ့ ငွေကြေးပမာဏဟာ တနေ့ကို အမေရိကန်ဒေါ်လာ 5.1 trillion ခန့်ရှိတယ်လို့ဆိုပါတယ်။ တနှစ်ထက်တနှစ်ပိုတိုးလာဖို့ပဲရှိပါတယ်။ ဒီလိုဖြစ်ပေါ်လာဖို့အတွက် သမိုင်းကြောင်းမှာ Bretton Woods လို၊ Gold Standard လို ဖြစ်စဥ်ကြီးတွေကနေ ပုံသွင်းလာခဲ့ရတယ်လို့ ပြောရင်လည်း မမှားနိုင်ပါဘူး။ Forex Trader တယောက်အနေနဲ့ ဗဟုသုတအဖြင့်ဘဲဖြစ်ဖြစ် ကိုယ်ပါဝင်လှုပ်ရှားနေတဲ့ ဒီလောကကြီးရဲ့ ဖြစ်ပေါ်လာတဲ့ သမိုင်းကြောင်းကို သိဖို့အတွက် ကျွန်တော်တို့ Mingalarfx Myanmar ရဲ့ Academic Team မှ မျှဝေရခြင်းဖြစ်ပါတယ်။
သမိုင်းအစ....
ငွေစက္ကူတွေ၊ ဒင်္ဂါးတွေမပေါ်ခင်မှာ လူသားတွေဟာ ကုန်စည်နဲ့ဝန်ဆောင်မှုအချင်းချင်း လဲလှယ်သုံးစွဲတဲ့ စနစ်ကို ကျင့်သုံးခဲ့ကြပါတယ်။ ဒီစနစ်ကို Barter System (Barter ဆိုတာ မြန်မာလိုဆို ဖလှယ်တယ်လို့ အဓိပ္ပါယ်ရပါတယ်။)လို့ခေါ်ပြီး ဘီစီ ၆၀၀၀ မှာ Mesopotamia ဒေသ (မက်ဆိုပိုတမီးယား၊ အနောက်အာရှဒေသက သမိုင်းဝင်ဒေသ)က စတင်မိတ်ဆက်သုံးစွဲခဲ့ကြတယ်လို့ အဆိုရှိပါတယ်။ ရာစုနှစ်များစွာ ဒီစနစ်ကိုပဲ သုံးစွဲလာခဲ့ကြပြီး ယင်းမှာ ကုန်စည်ကို ကုန်စည်ချင်း၊ ဝန်ဆောင်မှုကို ဝန်ဆောင်မှုခြင်း လဲလှယ်သုံးစွဲကြပါတယ်။ ဒီစနစ်က တဖြည်းဖြည်းဖွံ့ဖြိုးလာခဲ့ပြီး ဆားနဲ့အမွေးနံ့သာတွေက လူကြိုက်များတဲ့ လဲလှယ်ကုန်ပစ္စည်းတွေဖြစ်လာပါတယ်။ ဆားနဲ့ အမွေးနံ့သာတွေကို နိုင်ငံခြားရပ်မှာ လဲလှယ်မှုလုပ်ဖို့ လှေ၊သင်္ဘောတွေလည်း စတင်ပြီး အသုံးပြုလာကြပါတယ်။
ဘီစီ ၆ရာစုအစာပိုင်း (လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ ခန့်) မှာတော့ ပထမဆုံး Gold Coins ကို စတင်ထုတ်လုပ်လာခဲ့ကြပြီး သယ်ဆောင်ရလွယ်ကူခြင်း၊ ကြာရှည်ခံခြင်း၊ မတူကွဲပြားခြင်း (တုပဖို့မလွယ်ကူခြင်း)၊ အကန့်အသတ်ရှိခြင်း (ထုတ်ချင်သလိုထုတ်မရ၍)တို့ကြောင့် ယင်းကို ငွေကြေးအဖြင့် စတင်အသုံးပြုဆောင်ရွက်ခဲ့ကြပါတယ်။ သူက ရွှေအစစ် (ရွှေအပြည့်)တော့မဟုတ်ပါဘူး။ Lydia ရှိမြစ်များမှာတွေ့ရတဲ့ ရွှေနဲ့ငွေရောနေတဲ့ electrum ဆိုတဲ့ သတ္တုစပ်တမျိုးနဲ့ပြုလုပ်ထားခြင်းပါ။ သူ့ကို Gold Coin သို့မဟုတ် Lydian Coin လို့လည်းခေါ်ကြပါတယ်။ Coin ပေါ်မှာ ခြင်္သေ့၊ ကျွဲရိုင်းစတဲ့ သတ္တဝါတွေရဲ့ ဦးခေါင်းပုံထွင်းထုထားပါတယ်။ ဒင်္ဂါး (Coin) ရဲ့ အလေးချိန်က ၀.၀၀၆ ထရိုင်အောင်စကနေ အောင်စတဝက်ခန့်အထိရှိတယ်လို့ဆိုပါတယ်။ (Gold Coin နှင့်ပတ်သက်ပြီး ဘီစီ ၃၃၀ ဝန်းကျင်မှာ Lyidian ဒေသကို အောင်နိုင်ပြီး Alexander the Great က Gold Coin မှာ သူ့ရဲ့ ဦးခေါင်းပုံတွေ ရိုက်နှိပ်ပြီး သူ့ရဲ့ တပ်သားတွေကို လစာအဖြစ် စတင်ပေးချေခဲ့တယ်လို့သိရပါတယ်။
အဲကနေတဆင့် Gold Coin ဟာ ကုန်စည်တွေလဲလှယ်(ရောင်းဝယ်) ရာမှာ ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲလာ၊လက်ခံလာတဲ့ ကြားခံတခုဖြစ်လာပါတယ်။ ဒါပေမယ့် လေးလံ (အလေးချိန်ရှိ) တဲ့အတွက် နေ့စဥ်ရောင်းရေးဝယ်တာမှာ ငွေကြေး (ကြားခံ) တခုအဖြစ် သုံးစွဲဖို့ကတော့ လက်တွေ့မကျဖြစ်လာပါတယ်။
၁၈၀၀ ပြည့်နှစ်များမှာတော့ Gold Standard လို့ခေါ်တဲ့ ရွှေစံချိန်စံညွန်းစနစ်ကို စတင်ကျင့်သုံးခဲ့ပါတယ်။ ဒီစနစ်အရ အစိုးရများဟာ မည်သည့်ငွေစက္ကုအတွက်မဆို သူ့နဲ့ တန်ဖိုးတူတဲ့ ရွှေပမာဏပြန်လည် ထုတ်ပေးမယ်လို့ အာမခံထားတဲ့ စနစ်ဖြစ်ပါတယ်။ ဒီစနစ်၊ ဒီအာမခံချက်တွေက ပထမကမ္ဘာစစ်အထိတော့ အဆင်ပြေ၊ အလုပ်လုပ်ခဲ့ပါတယ်။ ဒါပေမယ့် ပထမကမ္ဘာစစ်မှာ ဥရောပနိုင်ငံများဟာ စစ်ပွဲကုန်ကျစရိတ်တွေအတွက် ငွေစက္ကူတွေ ရိုက်ထုတ်ရတော့ ဒီစနစ်ကို ဆိုင်းငံခဲ့ပါတယ်။
အဲဒီအချိန်မှာ နိုင်ငံခြားငွေလဲလှယ်မှုစျေးကွက်ကို ရွှေစံနှုန်း (Gold Standard) နဲ့ ကျောထောက်နောက်ခံပြုထားပါတယ်။ ၁၉၀၀ အစောပိုင်းကာလများအတွင်းမှာ ရရှိတဲ့ငွေကြေးတွေကို ရွှေအဖြစ်ပြောင်းလဲနိုင်တဲ့အတွက် နိုင်ငံတွေက အချင်းချင်းကုန်သွယ်မှုတွေ ပြုလုပ်တိုးတက်ခဲ့ကြပါတယ်။ ဒါပေမယ့် ဒီရွှေစံနှုန်းဟာ ကမ္ဘာ့စစ်များအတွင်းမှာတော့ မရပ်တည်နိုင်ခဲ့ပါဘူး။
Forex Market ကို ပုံဖော်ခဲ့သော အဓိက ဖြစ်ရပ်၊ဖြစ်စဥ်များ
သမိုင်းတလျှောက်မှာ Forex Trading နဲ့ ပတ်သတ်တဲ့ ဖြစ်ရပ်၊ ဖြစ်စဥ်များ များစွာဖြစ်ပေါ်ခဲ့ပါတယ်။ အဲထဲကမှာ အဓိကဖြစ်စဥ်အချို့ကို ဖေါ်ပြပေးလိုက်ပါတယ်။
(1) The Bretton Woods System (1944-1971)
Foreign Exchange Market ရဲ့ ပထမဆုံးအပြောင်းအလဲဖြစ်တဲ့ Bretton Woods System က ဒုတိယကမ္ဘာစစ်အပြီးမှာ ဖြစ်ပေါ်ခဲ့ပါတယ်။ အမေရိကန်၊ ဗြိတိန် နဲ့ ပြင်သစ်နိုင်ငံအပါအဝင် နိုင်ငံ ၄၄ နိုင်ငံတို့မှ ကိုယ်စားလှယ်များဟာ Bretton Woods ဒေသရှိ Mount Washington Hotel (Omni Mount Washington Resort, Carroll, New Hampshire မှာရှိ) မှာရှိတဲ့ ကုလသမဂ္ဂ ငွေကြေးနဲ့ဘဏ္ဍာရေးဆိုင်ရာကွန်ဖရန့် (United Nations Monetary and Financial Conference) မှာတွေ့ဆုံပြီး ကမ္ဘာ့စီးပွါးရေးအခြေနေသစ်(တိုးတက်ပြောင်းလဲဖို့) တရပ်ကို ဆွေးနွေးခဲ့ကြပါတယ်။ Bretton Woods ဒေသ တနည်းအားဖြင့် အမေရိကန်ကို ရွေးချယ်ခဲ့ရတာကတော့ အမေရိကန်ဟာ အဲအချိန်မှာ စစ်ပွဲထဲမပါသေးတဲ့ တခုတည်းသော နိုင်ငံ(ကြီး) ဖြစ်လို့ပါတဲ့။ ဥရောပနိုင်ငံတွေကလည်း စစ်ကြောင့် ချည့်နှဲ့နေတဲ့ အနေအထားမဟုတ်လား။
အမှန်တကယ်တော့ ဒုတိယကမ္ဘာစစ်ဟာ ၁၉၂၉ စတော့ရှယ်ယာစျေးကွက်ပြိုလဲပြီးနောက်မှာ အမေရိကန်ဒေါ်လာကို ကျဆင်းသွားသော ငွေကြေးအဖြစ်မှ နိုင်ငံတကာငွေကြေးအများစုနှင့်နှိုင်းယှဥ် (စံပြု) သော ငွေကြေးအဖြစ်ကို ရောက်ရှိစေခဲ့တယ်ဆိုရင်လည်း မမှားပါဘူး။
Bretton Woods အကြောင်းပြန်ဆက်ရရင် သူ့ရဲ့သဘောတူညီချက်မှာ တည်ငြိမ်သောပတ်ဝန်းကျင်ဖန်တီးကြပြီး ယင်းမှတဆင့် ကမ္ဘာ့စီးပွါးရေးကို ပြန်လည် ထူထောင်ရန်ဆိုပြီးပါဝင်ပါတယ်။ Adjustable Pegged Forex Exchange Market ဖြင့် ဒီလိုအခြေအနေရောက်ဖို့ ကြိုးစားခဲ့ပါတယ်။
(ဒီနေရာမှာ adjustable pegged foreign exchange rate နဲ့ပတ်သက်ပြီး အနည်းငယ်ထပ်ရှင်းပြပါရစေ။ Pegged ဆိုတာ Fixed ပါပဲ။ တနည်းအားဖြင့် ငွေလဲနှုန်းအသေပေါ့။ ပေါ်လစီအရ သတ်မှတ်ထားတဲ့ ငွေလဲနှုန်း (ဥပမာ USD ကိုအခြေတည်ပြီး အခြားငွေကြေးသို့လဲလှယ်ခြင်း) အတွင်းမှာပဲ အရောင်းအဝယ်လုပ်ရတာမျိုးပါ။ Adjustable Peg သို့မဟုတ် adjustable pegged foreign exchange rate ဆိုတာက သူက ငွေလဲနှုန်းကို ငွေကြေးတခု (ဥပမာ. USD) ပေါ်မှာ အခြေပြုပြီး အသေသတ်မှတ်ထားတယ်။ ဒါပေမယ့် ဘယ်အချိန်မှာ adjusted/readjusted လုပ်လို့ရလည်းဆိုတော့ မားကတ်အခြေအနေ နဲ့ မက်ခရိုစီးပွါးရေးပြောင်းလဲမှုအခြေအနေပေါ်မူတည်ပြီး Adjust လုပ်လို့ရတယ်။ အများအားဖြင့်တော့ Pegged Rate ပေါ်မှာ 2% အတက်အကျဖြစ်ခွင့်ပေးတတ်တယ်။ ဒါကို adjustable pegged foreign exchange rate လို့ခေါ်တာပါ။)
အခုကျွန်တော်ရေးနေတဲ့ Bretton Woods System အရဆိုရင်တော့ USD ကို အခြေပြုပြီး Adjustable Pegged Forex Exchange Market ဖြစ်ဖို့ ကြိုးစားခဲ့တာပါ။ USD ကျတော့ ရွှေနဲ့တခါ Pegged ပြန်လုပ်ထားပါတယ်။ ဘာလို့ဆိုတော့ အဲအချိန်တုန်းက အမေရိကန်က ကမ္ဘာပေါ်မှာ အရံရွှေ(Gold Reserve) စုဆောင်းထားမှုအများဆုံး နိုင်ငံဖြစ်လို့ပါတဲ့။ ဒီလိုအားဖြင့် ကမ္ဘာ့နိုင်ငံတွေက အမေရိကန်ငွေကြေးကို အသုံးပြုပြီး အရောင်းအဝယ်လုပ်ကြ၊ အမေရိကန်ငွေကြေး (USD) ကလည်း ကမ္ဘာ့အရံငွေကြေးဖြစ်လာခဲ့ပါတယ်။
ဒါပေမယ့် ဒီ Bretton Woods ကလည်း ပျက်သုဥ်းရပြန်ပါတယ်။ ဘာလို့ဆိုတော့ အစိုးရရဲ့ အသုံးစရိတ်တွေများလာ၊ မားကတ်/စျေးကွက်ထဲမှာ လှည့်လည်သုံးစွဲနေတဲ့ အမေရိကန်ဒေါ်လာပမာဏကများလာပြီး အဲဒီပမာဏအားလုံးအတွက် ရွှေစုဆောင်းထားမှုမရှိ၊ စုဆောင်းထားဖို့ မဖြစ်နိုင်လို့ပါ။ ရွှေက အကန့်အသတ်နဲ့ရှိတဲ့ အရာမဟုတ်လား။
၁၉၇၁ ခုနှစ်မှာတော့ သမ္မတ ရစ်ချက်အမ် နစ်ဆင် (Richard M. Nixon) က Bretton Wood System ရပ်ဆိုင်းလိုက်ပါတယ်။ ဒီလိုရပ်ဆိုင်းလိုက်ပြီး မကြာခင်မှာပဲ အမေရိကန်ဒေါ်လာဟာ အခြားငွေကြေးတွေနဲ့အတူ Pegged/Fixed မဟုတ်တော့ဘဲ Float စနစ်ဆီ ဦးတည်သွားရပါတော့တယ်။
(ကျန်သည့်အပိုင်းများကို ဆက်လက်ဖေါ်ပြပေးပါမည်။)
ကေအယ်လ် (Academic Team)
Mingalar FX Myanmar (MFX Myanmar)
Trading Knowledge Sharing School
Post အားလုံးဖတ်ရန်
ဒီ Blog မှာ တင်သမျှ Post အားလုံး စုစည်းမှု
No comments:
Post a Comment